Sunday, October 12, 2014

စိုင်းထီးဆိုင်နှင့် မောင့်လပြည့်ဝန်း

၁၉၇၆ ခုနှစ်တွင် ကိုနေဝင်း၏ "တေမင်း၊ ရဲလွင် အားလုံးကို ကျော်ဖြတ်ရမယ်" တေးစီးရီးထွက်ပြီး မကြမီမှာပင် စိုင်းထီးဆိုင်၏ "စိတ္တဇအလွမ်း" တေးစီးရီး ထွက်ခဲ့ပါသည်။

ပြည်မြို့မှ ခေတ်ပေါ်ကဗျာဆရာကြီး ကိုချောနွယ်က ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးမှာ ဗိုလ်ချုပ်နေဝင်း တက်တယ်။ အနုပညာမှာ တွံတေးသိန်းတန် တက်တယ်။ တက္ကသိုလ်ဘုန်းနိုင် တက်တယ်ဟူ၍ ပြောဆိုခဲ့ရာ ၁၉၇၆ ခုနှစ်တွင် အနုပညာမှာ ကိုနေဝင်းတက်တယ်၊ စိုင်းထီးဆိုင်တက်တယ်ဟူ၍ ပြောဆိုရမည် ဖြစ်ပါသည်။

စိုင်းထီးဆိုင်၏ "စိတ္တဇအလွမ်း" တေးစီးရီးသည် ထူးထူးခြားခြား ရှိခဲ့ပါသည်။ ရုပ်ရှင်မင်းသမီးကြီး ချိုပြုံးက စိုင်းထီးဆိုင်နှင့် စုံတွဲသီဆိုခဲ့ပါသည်။ "ဂျမ်ဘို" က "ဒီဆောင်းတစ်ညမငိုချင်ဘူး" "အရင်လိုဘဝမျိုးရောက်ချင်တယ်" "အဆုံးအဖြတ်" စသည့် သီချင်းများကို Play Boy အဖွဲ့မှ အဆိုတော်ကြီးစိန်လွင်ကဲ့သို့ "ဘယ်သံ" ခန့်ခန့်ဖြင့် သီဆိုအောင်မြင်ခဲ့ပါသည်။ သို့သော်လည်း ထိုတေးစီးရီးမှ နောက်တွင် စတီရီယိုတေးဂီတလောက၌  ဂျမ်ဘို၏ တေးသီဆိုမှုများမတွေံရပါ။ စိတ္တဇအလွမ်းတေးစီးရီးတွင် ချင်းတိုင်းရင်းသား ဆလိုင်းဆွန့်ကျဲအိုက "ဆုတောင်းခဲ့ဖူးတယ်မိငယ်" သီချင်းကို မြန်မာဘာသာဖြင့်ရော၊ ချင်းဘာသာဖြင့်ပါ သီဆိုအောင်မြင်ခဲ့ပါသည်။ "တဲ့အိုပျက်မှာ မနေချင်" "လူ့ဘဝ" စသည့်သီချင်းများကိုလည်း သီဆိုအောင်မြင်ခဲ့ပါသည်။ စိုင်းထီးဆိုင်က သူကိုယ်တိုင်ရေးဖွဲ့သည့် သီချင်းများအပြင် ကိုနေဝင်း ရေးဖွဲ့သည့် "မောင့်လပြည့်ဝန်း" သီချင်းကို သီဆိုခဲ့ပါသည်။

မောင့်လပြည့်ဝန်းသီချင်းသည် ထိုစဉ်က နှလုံးသားခံစားမှုတွေကို မရိုးနိုင်မအီနိုင်ဖြစ်ခဲ့ပါသည်။ တက္ကသိုလ်ဘုန်းနိုင်၏ စွယ်တော်ရွက်များလိုပင် နှလုံးသားတွေပေါ်မှာ လပြည့်ဝန်းပုံရိပ်တွေ ထင်ဟပ်ကုန်ပါတော့သည်။ နှလုံးသားပေါ်မှာ လပြည့်ဝန်းဂီတရောင်စဉ်တွေ ဖြာကျခဲ့ပါသည်။ ပင်လယ်ကမ်းစပ်တွေမှာ မြစ်ဝှမ်းဒေသတွေမှာ မြေပြန့်လွင်ပြင်တွေမှာ တောင်တန်းတွေပေါ်မှာ မြန်မာပြည် တစ်နံတစ်လျား လပြည့်ဝန်းဂီတရောင်စဉ်တွေ လွှမ်းခြုံလို့သာ နိုင်ခဲ့ပါသည်။ ကိုနေဝင်း ဘဝထဲမှာလည်း သာခဲ့ပါပြီ။ စိုင်းထီးဆိုင် ဘဝထဲမှာလည်း သာခဲ့ပါပြီ။

ကိုနေဝင်းသည် မောင့်လပြည့်ဝန်းသီချင်းကို နောင်မွန်တွင် စတင်ရေးဖွဲ့ခဲ့ပါသည်။ မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ဝင်းထဲ ဆလိုင်းဆွန့်ကျဲအို၏ အခန်းတွင် သီချင်း၏နောက်ဆုံးပိုဒ်ကို ရေးဖွဲ့ပြီးစီးခဲ့ပါသည်။ ထို့နောက် ရွှေမန်း၊ သစ္စာအဆောင်ညတွေမှာ သီဆိုခဲ့ပါသည်။ ထိုစဉ်က အဆောင်ညတွေမှာ ကိုနေဝင်းတို့နှင့် စိုင်းထီးဆိုင်လည်း အတူပါခဲ့ပါသည်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးခင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများ ပိတ်လိုက်သည့်အခါ မောင့်လပြည့်ဝန်းသီချင်းသည် ဆလိုင်းဆွန့်ကျဲအိုထံမှ တဆင့် စိုင်းထီးဆိုင်နှင့် ပါသွားခဲ့ပါသည်။ စိုင်းထီးဆိုင်အဖို့ လေ့ကျင့်သီဆိုချိန်များ ရခဲ့ပါသည်။

စိုင်းထီးဆိုင် သီဆိုအသံသွင်းစဉ်မှာလည်း "သဘာဝရဲ့ရင်သွေးငယ်"တွေက လပြည့်ဝန်းအတွက် နောက်ခံရှုမျှော်ခင်းတွေ ခြယ်မှုန်းပေးထားသလို စည်းချက်ပေါ်က ဂီတသံစဉ်တွေနှင့် နှလုံးသားတွေကို လပြည့်ဝန်းဆီ သိမ်းကျုံးဆွဲငင် သွားခဲ့ပါသည်။ ဂေါ်ဒင်ပေါ၏ ဒရမ်ရိုက်ချက်များက လပြည့်ဝန်း၏ ရောင်စဉ်တွေကို ပို၍ဖြာကျစေခဲ့ပါသည်။ သီဆိုတိးခတ်ချိန် ၇ မိနစ် ၃၅ စက္ကန့်အချိန် ကြာခဲ့ပါသည်။ "မောင့်လပြည့်ဝန်း" သီချင်းမှာ သူတို့၏ အနုပညာဝင်စားမှုများသည် နောက်တစ်ကြိမ် ပြန်ရဖို့ မလွယ်ကူနိုင်ပင် အထွတ်အထိပ် ရောက်ခဲ့ပါသည်။ မောင့်လပြည့်ဝန်းသီချင်းသည် ကိုနေဝင်း၊ စိုင်းထီးဆိုင်နှင့် သဘာဝရဲ့ရင်သွေးငယ်များရဲ့ သဟဇာတဖြစ်မှု၊ တိုင်ဆိုင်ညီညွတ်မှု၊ အနုပညာဝင်စားမှုတွေမှာ ဂန္ထဝင်မြောက် မြန်မာသီချင်းကြီးတစ်ပုဒ် ဖြစ်ခဲ့ပါသည်။ ခေတ်ကာလတွေ တိုက်စားပြီးသည့်အခါ ခေတ်တစ်ခေတ်၏ နုန်းတင်မြေနု ယဉ်ကျေးမှုအမွေပစ္စည်းတစ်ခုဖြစ်ခဲ့ပါ သည်။

ဆောင်းပါးတစ်ပုဒ်တွင် ဖတ်မိပြီး မှတ်မိသလောက် စာသားတွေကို ပြန်လည်ရေးချမိတာပါ။ စာရေးသူကို ခရိတိဂ့် ပေးပါသည်။


ငါဝအောင်ငိုလိုက်မယ်

ငါဝအောင်ငိုလိုက်မယ် ဒီနေ့တစ်ရက်တည်းငိုမယ် မနက်ဖြန်မိုးလင်းရင်မငိုတော့ဘူး တစ်သက်လုံးအတွက်မငိုဘူး


ကျနော်အကြိုက်ဆုံးအဆိုတော် လူငယ်ထဲက ဒီဖြိုးနှင့်စကားပြောရတာ တကယ်အားကျစရာကောင်းပါတယ်။ ကျနော်က အဆိုတော်လည်း မဟုတ်သလို တေးရေးဆရာလည်း မဟုတ်ဘူး။ ဒါပေမယ့် သီချင်းနားထောင်ရတာ အရမ်းဝါသနာပါတဲ့ ကောင်လေးပါ။

Tuesday, August 26, 2014

မိသားစုဓာတ်ပုံ

ရုန်းကန်လှုပ်ရှား ကျော်ြဖတ်ခဲ့ရတဲ့ အဖေနဲ့အမေ နုပျိုစဉ်တုန်းက
နှစ်ယောက်ဘဝကို ပိုမိုပြည့်စုံစေမယ့် ကလေးလေးတစ်ယောက် ရောက်လာခဲ့ပါတယ်။
အဲတုန်းက ရိုက်ခဲ့တဲ့ မိသားစုဓာတ်ပုံထဲက ကြည်နူးမှုအပြုံးတွေ
အခုတော့ အရောင်ပျယ်သွားခဲ့ပေမယ့်
ငါဟာ အရွယ်ရောက်လာခဲ့ပြီး လက်တွေ့ဘဝကြီးထဲမှာ ကျင်လည်ရင်း တဇွတ်ထိုးတတ်တဲ့ သားသမီးဖြစ်လာခဲ့တယ်။
ဘဝရေကြော အမောမှာ လဲကျလိုက် ပြန်ထလိုက်နဲ့
အထီးကျန်ဆန်တဲ့ ညတစ်ညမှာ ဓာတ်ပုံလေးကို ပြန်ထုတ်ကြည့်မိတော့
ငါဟာ အဖေနဲ့ အရမ်းတူနေပါလား
ငါ့ရဲ့ နုပျိုမှုတွေလည်း တဖြည်းဖြည်း ကျော်လွန်သွားချိန် အဲဒီတော့မှ မြင်လာမိတဲ့ သူတို့ရဲ့ ဘဝအမောတွေ မိသားစုဓာတ်ပုံထဲက အပြုံးတွေနဲ့ တို့အမေ
ပန်းလေးနဲ့တူတဲ့အမေရဲ့ နုပျိုမှုက ငါ့ဆီတလှည့် ရောက်လာခဲ့ပြီး
ငါ့ဘဝအပြုံးပန်းဝေစေဖို့အတွက် မြေဩဇာဖြစ်သွားခဲ့ရတဲ့
အဖေနဲ့အမေရဲ့ နေလောင်ခံဘဝအမောတွေကို ငါတဖန် ပြန်လည်သန့်စင်ရင်း

အဖေနဲ့အမေ အပြုံးပန်းဝေနိုင်ပါစေ

Tuesday, August 12, 2014

လီကွမ်းယု ရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အဖြေများ

မေး ။  .......  မြန်မာနဲ့ပတ်သက်လို့ အကော်ငးဆုံး ကြည့်လို့ရတဲ့ အမြင်က ဘာပါလဲ။ ဒီဆယ်စုနှစ်တွေထဲ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ထင်သလား။



လီကွမ်းယူ ။   ..... တော်လှန်ရေးတစ်ခုခုတော့ဖြစ်မှ အပြောင်းအလဲဖြစ်မှာ။ တော်လှန်ရေးဆိုတာ စိတ်ဓာတ်အသိဉာဏ်နဲ့တော်လှန်ရေး၊ အကြမ်းဖက်တော်လှန်ရေး နှစ်မျိုးစလုံး ဖြး်နိုင်တယ်။ လက်ရှိခေါင်းဆောင်က ဘယ်လောက်ကြာကြာနေနိုင်မှာလဲ။

နောက်တက်လာမယ့် ခေါင်းဆောင်ကရော ဘယ်လောက်ခံမှာလဲ။ ဒီကိစ္စက လူငယ်စစ်ဗိုလ်တွေဆီရောက်သွားမှာ။ သူတို့က အထီးကျန်နေတယ်။ ထိုင်း တိုးတက်တာကို လှမ်းမြင်နေရတယ်။ လူကြီးတွေက ချမ်းသာပြီးရင်း ချမ်းသာ၊ နိုင်ငံက မွဲပြီးရင်း မွဲ၊ အရည်အသွေးမမီတဲ့ ဒေါက်တောတွေ၊ ဆေးမရှိတဲ့ ဆေးရုံတွေ၊ မစွံတဲ့ ပညာရေး၊ ဘယ်သူက ကိုယ့်နိုင်ငံကို ဒီလို မြင်ချင်မှာလဲ။

သူတို့ဦးနှောက်နည်းနည်းရှိမယ်ဆိုရင်တောင်မှ တံခါးဖွင့်ရမှာပဲ။ တံခါးဖွင့်လိုက်ရင် လူထုကို ပညာသင်ရေးရတော့မယ်။ လောလောဆယ်တော့ ဒီလိုလုပ်မယ် (ဖွင့်ပေးလိမ့်မယ်) လို့ငါတော့ မမြင်မိသေးဘူး။

ငါကိုယ်တိုင် လက်မြှောက်ထားရတာ။ အမေရိကန်အရာရှိတွေ ရောက်ရောက်လာတိုင်း လူငယ်ဗိုလ်ချုပ်ကြီးတွေနဲ့ စကားပြောပါလို့ ငါ့ကို တောင်းဆိုနေကြတယ်။ ငါ ခင်ညွန့် နဲ့စကားပြောတယ်။ သူတို့အထဲမှာ သူက ခေါင်းအကောင်းဆုံး။ ထောက်လှမ်းရေး အကြီးအကဲ။ အင်ဒိုနီးရှားနည်းအတိုင်း ကျင့်သုံးဖို့ ငါနားချခဲ့ဖူးတယ်။ မင်းရဲ့ စစ်ဝတ်စုံကို ချွတ်၊ အရပ်သားလုပ်၊ ခေါင်းဆောင်ရွေးပြီး ရွေးကောက်ပွဲဝင်ပြိုင်ပါလို့ ငါပြောတဲ့ လမ်းစဉ်ကို သူတို့ စလိုက်နေကြပြီ။ ခဏနေတော့ ဆူဟာတိုက ပြုတ်ပါလေရော၊ သူတို့ကပြောတယ် ငါ့အကြံက မကောင်းတဲ့ အကြံဉာဏ်ကြီးတဲ့။ မြန်မာပြည်အကြောင်း ငါ့ကို ဆက်မမေးနဲ့တော့။ ငါဘဝထဲကနေ သူတို့ကို ထုတ်ပယ်လိုက်ပြီးပြီ။

သမ္မတနှင့်အိပ်အတွင်း အင်တာဗျူးခြင်း

ညတုန်းက သမ္မတကြီး ဦးသိန်းစိန်နဲ့ အိပ်မက်ထဲမှာ တွေ့တယ် စကားပြောတယ် ဆွေးနွေးတယ် ဘာအကြောင်းလဲဆိုတော့ ငြိမ်းချမ်းရေးအကြောင်းပါ။
ဒီနေ့ နေ့လည် ၁၅ မိနစ်လောက်အိပ်ပြန်တော့လည်း ကျနော်က သူ့ကို ပြည်တွင်းငြိမ်းချမ်းရေး အကြောင်းမေးတယ်။

သူဖော်ဆောင်နေတဲ့ ပြည်ထောင်စုတပ်မတော်ကို မေးတယ်။
သူဖော်ဆောင်နေတဲ့ ပြည်ထောင်စုအကြောင်းကိုမေးပါတယ်။
အိပ်မက်ထဲမှာသူဖြေတဲ့အဖြေအားလုံးက

မသေချာဘူး မရေရာဘူး မပြီးဆုံးသေးဘူး ရပ်တန့်လို့မရဘူး
လို့ပဲ ဖြေခဲ့တယ်ဗျာ

ခေါင်းဆောင်ကောင်းဆိုတာ

ခေါင်းဆောင်ကောင်းဆိုတာ ဥယျာဉ်မှူးလိုပါပဲ။ ပျိုးပင်တွေ၊ ကြီးထွားလာမယ့် အပင်တွေကို ပြုစုပျိုးထောင်ပေးရသလို၊ နှင်းဆီချုံထဲက ကိုင်းခြောက်၊ ကိုင်းဆွေးတွေကို ကိုက်ညှပ်ပစ်ပေးရသလို အဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင်တွေဟာလည်း အိုပြီး ဆွေးပြီးသော အဖွဲ့ဝင်တွေကို ရှင်းလင်းပစ်ရတဲ့အလုပ်ကို လုပ်ရတယ်။

နှင်းဆီချုံတွေမှာ ကိုင်းခြောက်၊ ကိုင်းဆွေးတွေဟာ နှင်းဆီပွင့်တွေ ဖြစ်လာစေဖို့ အနှောင့်အယှက်ဖြစ်ပါတယ်။ သစ်ကိုင်းခြောက်ဆိုတာ လိပ်ပြာတွေကို ဆွဲဆောင်နိုင်စွမ်းမှ မရှိတော့ဘဲကိုး။ ကိုင်းခြောက်နည်းတူ ဘာမှမလုပ်နိုင်တော့တဲ့အဖွဲ့ဝင်ဟောင်းတွေကို အနားပေးသင့်ပြီး သူတို့ဟာ အဖွဲ့ရဲ့တိုးတက်မှုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး တကယ်လက်တွေ့မှာ တိုးတက်အောင် အားမပေးနိုင်တော့ပါဘူး။

ကိုင်းခြောက်တွေကို ကိုက်ညှပ်ပစ်ရာမှာလည်း သတိကြီးကြီးထားပြီး ဖြတ်ဖို့လိုပါတယ်။ အပွင့် ပွင့်မယ့် အကိုင်းကို မဖြတ်မိဖို့လိုတာပေါ့။ တစ်ချိန်တည်းမှာ ကိုင်းခြောက်များဟာ တစ်ချိန်တစ်ခါက သစ်ပင်ကြီးများကို လှပ ပွင့်လန်းစေအောင် လုပ်ဆောင်ပေးခဲ့သူများ ဖြစ်တဲ့အတွက် တလေးတစား ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒီအချက်ကို အလေးအနက်ထားပါ။

ကိုင်းခြောက်၊ ကိုင်းဆွေးများ ပြည့်နှက်နေတဲ့ နှင်းဆီချုံဟာ ညှိုးခြုံးပြီး ကြီးထွားမှု မဖြစ်နိုင်ပါဘူး။ ဒါကို သတိပြုပါ။

Sunday, August 10, 2014

စာရေးဆရာ ႁိုၼ်း(ၵႃယၢင်း) ဟောပြောချက်

စာရေးဆရာ ဆိုင်မိန်း(လားရှိုး) ဟောပြောချက်

စာရေးဆရာ ခွန်ယွန်းချို ဟောပြောချက်

အနုပညာမြောက်စွာဈေးရောင်းချနည်းနှင့် မအိပ်သောမြို့တော်ရဲ့အလှ

ဘန်ကောက်မြို့ရဲ့ အမြင့်ဆုံးတာဝါ ဘယုတ်တာဝါ “ BaiYoke Tower” မှာတည်းပြီး ၈၂ ထပ်အမြင့်မှာ ဘူဖေးညစာစားပြီး ဘန်ကောက်မြို့ Never sleep city လို့ခေါ်ဝေါ်ခံဖူးတဲ့ မြို့ရဲ့ အလှကို ငေးမောခဲ့ရတယ်။ ကမ္ဘာပတ်ပြီး အရက်သောက်မယ် ဆိုတဲ့ကျနော့်ရဲ့ ငယ်ငယ်တုန်းက အတွေးတွေ တကယ်ဖြစ်ခဲ့တာလား ဆိုပြီးပြုံးလို့ Black Russian လေးတစ်ခွက် မော့လိုက်ပါတယ်။ သူငယ်ချင်းတွေကလည်း အတန်းဖော်သူငယ်ချင်း အပျိုကြီးတွေဆိုတော့ သတိလေးနဲ့ ရွှေစိတ်တော် မညိုးရလေအောင် သတိထားပြီး နှောက်ပြောင်ရသေးတယ်။ ဒါပေမယ့် အရမ်းပျော်စရာကောင်းခဲ့ တယ်။ ညစာမစားခင်လေးမှာ အမြင့်ဆုံးအထပ်မျှော်စင်ပေါ်မှာ ဓာတ်ပုံတွေရိုက်တယ်။ ကျနော်က ရိုက်ပေးပါတယ်။ ကျနော့်ကို ပြန်ရိုက်ပေးမယ့်အလည့်လည်းရောက်ရော ကင်မရာမှာ အော်တိုဖိုးကတ်စ် နဲ့တောင်မှ ဓာတ်ပုံက ဝါးနေအောင်ရိုက်ပေးလိုက်ပါတယ်။ အော်ပြောတော့ဖြင့် ဘုရားဘုရားနဲ့ ဘုရားသမားသူတော်စင်ပျိုမယ်တွေပေါ့။ လက်လေးကိုတောင် ငြိမ်အောင် မထိန်းနိုင်ဘဲ ဘယ်လိုလုပ်ပြီးစိတ်ကို ငြိမ်အောင်ထိန်းနိုင်မလဲလို့ စနောက်ခဲ့သေးတယ်။

စားသောက်ပြီးလို့ အိပ်တန်းပြန်တဲ့အချိန် ညနေဈေးတန်းမှာ လမ်းလျှောက်ထွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ ရောင်းချမှုပုံစံတစ်ခုနဲ့ ဈေးဝယ်ယူမ၍ပုံစံတစ်ခုကို သတိထားမိခဲ့တယ်။ မိုးဖွဲဖွဲလေးရွာနေတဲ့အချိန်မှာ ညနေဈေးတန်းလည်းသိပ်မစည်ကားတော့သလိုပဲ စောနေသေးလို့လားတော့မသိ။ မိုးဖွဲအထဲမှာ လူတွေဝိုင်းအုံပြီးဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာ စူးစမ်းတဲ့လူရော ဈေးဝယ်တဲ့လူရော စည်ကားနေတော့တာပါပဲ။ ဈေးရောင်းတဲ့ကောင်လေးဟာ တက္ကသိုလ်ကျောင်းသား ဖြစ်ဟန်တူပြီး သူ့ရဲ့ လိပ်ခုံးကားလေးရဲ့အပေါ်မှာ စာတမ်းလေးကတော့ “Bags Basic” ဆိုပြီး ဒီဇိုင်းမပြီးတပြီးသားရေအိတ်တွေကို ရောင်းချနေတာပါပဲ။ အသင့်ချုပ်ပြီး အိတ်ကိုရောင်းချခြင်းဆိုတဲ့ ပုံစံကနေ ခွဲထွက်ပြီး တထိုင်းတည်းနဲ့ ဝယ်ယူသူစိတ်ကြိုက် အရောင်နဲ့အသားရေအမျိုးအစားကို ရွေးယူစေပြီး ဝယ်ယူသူသဘောကျပုံစံနဲ့ နာမည်စာလုံးတွေကို လည်းထိုးပေးပြီး အလှဆင်မှုခြယ်သရောင်းချခြင်းမျိုးပါ။
ဝယ်ယူသူတွေကလည်း သူတို့စိတ်ကြိုက်ပုံစံပြုလုပ်ပေးနေတာတွေကို ဖန်တီးသူနဲ့ထပ်တူစီးမျော ခံစားရင်းဟာ စောင့်ဆိုင်းနေရလို့ စိတ်ပျက်တဲ့သဘောမဆောင်တော့ဘဲ အနုပညာတစ်ခုရဲ့ တင်ဆက်မှုအနေနဲ့ ပွဲကြည့်ပရိတ်သတ် အသွင်ပေါ်နေပါတော့တယ်။

ရောင်းသူကလည်း ကုန်ပစ္စည်းရောင်းချနေရသလို အသွင်မပေါ်ပဲ သူဝါသနာပါရာအလုပ်ကို စိတ်လွတ်ကိုယ်လပ်သလို ဖော်ဆောင်ခွင့်ရခြင်းမှာ မွေ့ပျော်နေတဲ့အသွင်ပေါ်နေပါတယ်။

ဖောင့်စမ်းသပ်ခြင်း

အရင်တုန်းက ရေးမယ်ရေးမယ်ဆိုပြီး ရည်ရွယ်ထားတာ များနေပါပြီ။ ဒီဇိုင်းတွေ စိတ်တိုင်းမကျရင် ပိုစ့်တွေ မရေးဖြစ်တော့ဘူး။ အဲဒီလိုနဲ့စိတ်တွေ ယိုင်တိယိုင်တိုင်နဲ့ ခံစားချက်တွေဖွင့်ဟဖို့ အကောင်းဆုံး နားထောင်ပေးမယ့်အဖော်မွန်ဟာ ဒီပလောက်ကဖြစ်ပြီး ကျနော့်ရဲ့ပလေက်ကို လာဖတ်တဲ့သူတွေသာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဖောင့်မရှိတဲ့သူလည်း ဖတ်လို့အဆင်ပြေအောင် စီစဉ်ထားပါတယ်။ ကျနော်က စံချိန်စံနှုန်းလိုက်နာတဲ့ ယူနီကုတ်ဖောင့်ကိုသာ အားပေးတဲ့သူတစ် ယောက်ဖြစ်တဲ့အတွက် အရင်တုန်းက ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ ကျနော့်ရဲ့ ဖေ့ဘုတ် စတေးတပ်တွေဟာ ပြန်ရှာရခက်ပြီး နယူးဖိစ်တွေ တက်တာများသွားရင် ပြန်ရှာလို့မရတော့ဘူး။ အနာဟောင်းက ရင်ထဲမှာကျန်နေသေးပေမယ့် ဖေ့ဘုတ်က အလျင်အမြန်နဲ့ပဲ မေ့စေသလိုမျိုး ဖြစ်တဲ့အတွက် ကျနော်လည်း ပြန်ရှာလို့လွယ်တဲ့ ပလောက်ဖက်ကို ခေါင်းဦးလည့်လာရတော့တယ်။ ဒါကြောင့် အားပေးကြပါအုံးလို့။ လာရောက်ဖတ်ရှုပေးတဲ့အတွက်လည်း ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်။ ကျနော်စိတ်ထဲမှာရှိသမျှကို ရေးချမျှဝေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်အတွေး ကျနော့်အမြင် ကျနော့်ခံယူချက်များနှင့် ခံစားချက်ဝှက်ဖဲများ လို့ မိုထိုတင်ထားတာပါ။

Wednesday, June 11, 2014

ဗုဒ္ဓဟာ အတွေးအခေါ်ပညာရှင်လား

ဗုဒ္ဓဟာ အတွေးအခေါ်ပညာရှင်လားလို့ သိချင်လာတာနဲ့ Google Search Box ထဲ Was Buddha a philosopher လို့ စာရိုက်ထည့်လိုက်တော့ ဒါလေးပေါ်လာတယ်။

My teaching is not a philosophy. It is the result of direct experience...
ငါ့ရဲ့ သင်ကြားလမ်းညွှန်မှုဟာ အတွေးအခေါ်ဒဿနကနေ လာတာမဟုတ်ဘူး.. ငါကိုယ်တိုင် ကျင့်ကြံသိရှိလာတဲ့ အတွေ့အကြုံဖြစ်တယ်..

My teaching is a means of practice, not something to hold onto or worship..
ငါ သင်ပေးတဲ့ တရားဟာ လိုက်နာကျင့်ကြံဖို့ နည်းလမ်းဖြစ်တယ်.. ခေါင်းပေါ်ရွက်ပြီး ကိုးကွယ်နေဖို့ မဟုတ်ဘူး..

My teaching is like a raft used to cross the river..
ငါ့ရဲ့ သင်ကြားမှုဟာ မြစ်ကို ဖြတ်ကျော်ဖို့ ဖောင်တစီးသာ ဖြစ်တယ်..

Only a fool would carry the raft around after he had already reached the other shore of liberation..
လွတ်မြောက်ရာကမ်းခြေကို ရောက်ပြီးမှတော့ အရူးမှပဲ ဖောင်ကို ဆက်ပြီး ထမ်းပိုးထားကြလိမ့်မယ်တဲ့..

အဓိကကတော့ မဆိုင်တာတွေနဲ့ ဝန်အပိ မခံကြဖို့ပါပဲ..