Tuesday, July 16, 2013

ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာ စေရန်

ရိုးရိုးသားသား၊ မကြောက်မရွှံ ့၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ ့ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။

သူငယ်တန်းကနေ စကြည့် ရမယ်ဆိုရင် ငွေရှိတဲ့ မိသားစုမှာ မွေးဖွားတဲ့ ကလေးဟာ ရိုးရိုးကျောင်း ပညာရေးအပြင် အခြားသော ငွေကုန်ကြေးကျ များသာ ပညာရပ်များ၊ ကျောင်းများ တစ်မျိုးပြီး တစ်မျိုးတက်ရောက်ခွင့်ရကြ ပါတယ်။ သာမန်မိသားစု သို့မဟုတ် ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာ သူများကတော့ ပညာရေး ဆိုတာ တစ်ချိန်မှာ အလုပ်လျှောက်ရင် ပါလာတဲ့ လက်မှတ်ကလေး တစ်ခုပမာပဲ သဘောထားရရှာပါတယ်။ ပြီးတော့ အခြားသော ပညာရေးလမ်းများကိုလည်း လျှောက်လှမ်းခွင့် မရကြပါဘူး။

ဒီတော့ ဆင်းရဲသူများ၊ အဆင့်မြင့် ပညာသင်ကြားလိုသူများ၊ ဘဝ အတွက် သေချာသော အာမခံချက် ပညာတစ်ခု ရရှိလိုသူများအတွက် လူငယ်တိုင်းအတွက် နည်းလမ်းမျှဝေချင်ပါတယ်။

“အင်္ဂလိပ်စာ အရည်အချင်းမြင့်ပါ”
——————————–

အရေးအကြီးဆုံး အချက်မို့ ထိပ်ဆုံးထားပြီး အကြံပြုပါတယ်။ အင်္ဂလိပ်စာ တစ်ခုသာ ရရင် အားလုံးကို Self study ကြိုးစားလုပ်ယူလို့ ရပါတယ်။ အင်္ဂလိပ်စာတတ်ဖို့ဆိုတာကလည်း သင်တန်းအကြီးကြီးတွေ လိုက်တတ်နေ မှ မဟုတ်ပါဘူး။ စိတ်တစ်ခုက အရေးကြီးဆုံးသာ ဖြစ်ပါတယ်။ သူငယ်တန်း ကစလို့ ၁၀ တန်းအထိ သင်လာတဲ့ အင်္ဂလိပ်စာများ အခြေခံရှိတာနဲ့တင် အပြင် အင်္ဂလိပ်စာ လေ့လာဖို့က အင်မတန် လွယ်ကူနေပါပြီ။ ငွေရှိရင် လည်း ငွေကုန် သင်တန်းတက်ပြီး ငွေမရှိလည်း ပညာဒါန ကျောင်းများ ရှာတတ်နိုင်ပါတယ်။ မြန်မာပြည်က နေရာတော်တော်များများမှာ ပညာဒါန အခမဲ့ကျောင်းတွေ အတော်လေး များပြားနေပါပြီ။

အင်္ဂလိပ်ရုပ်ရှင်တွေ၊ သီချင်းတွေ ကြည့်ရှုနားထောင် သူတို့ ဘာသာစကားနဲ့ ဟန်ပန်အမူအရာကို လိုက်လံ အတုယူ၊ လေ့ကျင့် ပြောဆိုကြည့်ပြီးတော့ လည်း လေ့ကျင့်နိုင်ပါတယ်။ တစ်ယောက်တည်းသော်လည်းကောင်း၊ သူငယ်ချင်းများနဲ့သော်လည်းကောင်း လေ့ကျင့်ပြီးတော့ အင်္ဂလိပ်စကားပြော ကိုလည်း မြင့်တင်နိုင်ပါတယ်။

အင်္ဂလိပ်စာအရည်အချင်းတိုးတက်အောင် အလွယ်တကူ လေ့လာလို့ရတဲ့ စာအုပ်များလည်း အပြင်မှာ ရနိုင်တဲ့ အတွက် စာရေးသူမှ အကျယ်ချဲ ့မပြောလိုတော့ ပါဘူး။ အင်္ဂလိပ်စာ၊ စကား အတော်အတန် ပြောတတ်၊ နားလည် တတ်နေပြီဆိုရင်ကို ပတ်ဝန်းကျင်မှာ ကိုယ်ဟာ တစ်ဘန်းသာနေ မှာ ဖြစ်ပါတယ်။ ကမ္ဘာသုံး ဘာသာစကား အင်္ဂလိပ်စာတတ်ထားရင် ဘယ်အခြေအနေ၊ ဘယ်နေရာရောက်ရောက် အခက်အခဲများ ဖြေရှင်းနိုင် ပါတယ်။

အင်္ဂလိပ်စာနဲ့ ဆက်စပ်ပြီးတော့ အင်တာနက်ကလည်း လေ့လာရမယ့် နယ်ပယ်ကြီး တစ်ခု ဖြစ်လာပါတယ်။ အင်တာနက်မှာ ဗဟုသုတ ရနိုင်မယ့် အချက်အလက်ပေါင်း များစွာ ရှိနေပါတယ်။ ကိုယ်က အင်္ဂလိပ်စာ အခြေခံရှိရင်လည်း အလွယ်တကူ ဝင်ဖတ်နိုင်သလို၊ မရှိလည်း အဘိဓာန်ဆောင်လို့ အင်တာနက်မှာ စာများ လေ့လာ ဖတ်ရှုနိုင်ပါတယ်။ စာများတင်မဟုတ်ပါဘူး။ မိမိ စိတ်ဝင်စားတဲ့ ဘယ်အရာကိုမဆို ဝင်ကြည့်၊ ဝင်ဖတ်၊ ဝင်လေ့လာ၊ ဝင်အသုံးပြုကြည့်၊ ဖန်တီးကြည့်တာမျိုးတို့ ဖြစ်ပါတယ်။

အင်တာနက် လိုင်းမကောင်းတာတော့ မှန်ပါတယ်။ သို့ပေမယ့် ဒါစာ အမြဲတမ်းမဟုတ်ပါဘူး။ တစ်ခါခါကျ ကောင်းပါတယ်။ Browser တစ်ခုဖွင့်ဖို့အတွက် တစ်မိနစ်ထက် ပိုမကြာရင် သုံးဖို့ ကောင်းမွန်တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အင်တာနက်မှာ မန်ဘာဝင်လို့ရတဲ့ ပညာရေး ဖိုရမ်များ၊ ကျောင်းများ၊ အခမဲ့ ပညာရေး များ အစရှိသဖြင့် ကိုယ်ရှာဖွေရင် ရှာဖွေသလောက် တွေ့ရှိလို့ နိုင်ငံတကာ နဲ့ ပြည်တွင်း က ဖြစ်ပျက်နေမှုများကို သိရှိရမှာ ဖြစ်ပါတယ်။

“လမ်းတစ်ခုရွေးပါ”
—————-

မိမိ လျှောက်လှမ်းချင်တဲ့ ပရော်ဖက်ရှင် တစ်ခုခုကို ရွေးစေခြင်း ဖြစ်ပါတယ်။ မိမိ လက်ရှိမှာ ရှိနေတဲ့ ပညာအရည် အချင်းနဲ့ ဘယ်လို အရည်အချင်းတို့ ထပ်မံပေါင်းစပ်တဲ့အခါ ဘယ်လို အသက်မွေးဝမ်းကျောင်းမှု ပညာက ကိုယ့်အတွက် ကောင်းကျိုးပေးမယ်ဆိုတာ ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်စေချင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘာလုပ်လို့ ဘာကိုင်ရမယ်။ ဘယ်လမ်းရွေးချယ်ရမယ် ဆိုတာမှ မသိသေးရင် တော်တော်ကို ဆိုးတဲ့ အခြေအနေပါ။ နယ်မှာပဲနေနေ၊ မြို ့ကြီးမှာပဲနေနေ ဘဝရည်မှန်းချက် အသက်မွေးဝမ်းကျောင်းမှု ပညာရပ် တစ်ခုခုကိုသာ ရွေးချယ်ထားရင် မဆင်းရဲတော့ပါဘူး။ နောက်ပိုင်းက ကိုယ်ရဲ ့ကြိုးစားမှုအပေါ်မှာသာ မူတည်တော့လို့ ဖြစ်ပါတယ်။

“လမ်းဖြောင့်ဖြောင့်လျှောက်ပါ”
—————————-

ဘယ်လိုပယောဂကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ ပညာရပ်လမ်းကနေ မနောက်ဆုတ်သင့်ပါဘူး။ နောက်ဆုတ်မယ်။ နားလိုက်မယ်။ ကြိုးစားမှု ရပ်တန့်မယ်။ လမ်းလွဲမယ်။ အစရှိတဲ့ လုပ်ရပ်များက မိမိရဲ ့ ဘဝတန်ဖိုးကို အပြောင်းအလဲပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။ သုညက ပြန်စရတာ မလွယ်ပါဘူး။ ဒါကြောင့် လမ်းတစ်ခုရွေးပြီးရင် တည့်တည့်လျှောက်တတ်ရပါမယ်။ ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားရှိရပါမယ်။

အကောင်းဆုံး ကြိုးစားနိုင်ရပါမယ်။ အကောင်းဆုံးဆိုလို ကြိုးစားအားထုတ်မှု ဇွဲ၊ ဝီရိယ၊ လုံ့လ တည်နေစေဖို့ ဖြစ်ပါတယ်။ စိတ်တစ်ခုက အဓိက ဖြစ်ပြီး၊ စိတ်ဓာတ်ခိုင်ခိုင်ထားလို့ ကြိုးစားရင် မိမိကြိုးစားချက်များကို ကျေနပ်နေတတ်ပါတယ်။ ဒါကတော့ အကျဉ်းချုပ်ပြောခြင်းပါ။ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်နဲ့ အလုပ်တစ်ခုကို ရွေးချယ်မယ်ဆိုတာ ကလည်း အဆင့်များစွာ ရှိနေပါသေးတယ်။

“အခွင့်အလမ်းကောင်းများ ရှာဖွေပါ”
———————————

တစ်ကူးတကတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကိုလျှောက်နေရင်း ဒီအတွက် ပိုမို အကျိုးထူးစေနိုင်မယ့် ထောက်ပံမှုများ၊ ပညာရပ်များ ပေါ်ပေါ်လာ တတ်ပါတယ်။ လေ့လာအားထုတ်မှုဆိုတော့မှာ ဘယ်တော့မှ မရပ်တန့်ရ ပါဘူး။ အခွင့်အရေးရလျှင်ရတိုင်း သတိကြီးကြီးနဲ့ ဆုံးဖြတ်ချက်ချလို့ အထောက်အပံ့ ကောင်း တစ်ခု ဖြစ်အောင် ကြိုးစား၊ ရွေးချယ်၊ သင်ယူ၊ လေ့ လာ ရပါမယ်။

တစ်ခါတစ်လေကျ အဆင့်မြင့် ပညာရပ်ဆိုတာ ဘွဲ့လက်မှတ်တွေပေါ်မှာ ရှိနေတာကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ် ဘယ်လောက်လေ့ လားဖြစ်ထားတယ်။ လုပ်နိုင်တယ်ဆိုတာကလည်း အဓိက ကျပါတယ်။ ကိုယ်က စာတမ်း မပြုစုရပေမယ့် ကိုယ်လုပ်ထားတဲ့ အလုပ်က စာတမ်းပြုစုထားသူများထက် ပိုမို ထူးခြား ကောင်းမွန်နေ ရင် ဒါဟာ အဆင့်မြင့်ပညာရပ်တစ်ခုကို တတ်မြောက်ထားခြင်း တစ်မျိုးပါပဲ။

အဓိက ပြောချင်တဲ့ အချက်က အခုမှရောက်ရပါတယ်။ ကိုယ်က ပိုက်ဆံ မရှိဘူး။ ပညာသင်ကြားဖို့ အခွင့်အရေး မရှိဘူးဆိုရင် ယခု လက်ရှိ လုပ်နေတဲ့၊ ရွေးချယ်ထားတဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လမ်းမှာ အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ရပါမယ်။ သာမန်လူ ပြုလုပ် သွားလာနေတဲ့ နည်းအပြင် ကိုယ့်ဆီမှာ ရှိတဲ့ အိုင်ဒီယာအသစ် များ ပေါင်းစပ်မယ်၊ နိုင်ငံတကာက နည်းနာများ လေ့လာ လို့ ပြည်တွင်းနဲ့ လျော်ညီတဲ့ အခြေအနေတစ်ခုကို ပြန်လည်ဖန်တီးမယ်။ ချပြမယ်။ ဒါတွေကလည်း တကယ်ပဲ အသိအမှတ်ပြုခံရလောက်တဲ့ အကျိုးကျေးဇူး အထိုက်အလျောက် တစ်ခုအထိ ရရှိလိုက်မယ်ဆိုရင် ကိုယ်ဟာ အဆင့်မြင့် ပညာရပ် သင်ကြားထားသူများနဲ့ ယှဉ်နိုင်ပါပြီ။

အထက်ပါ အချက်များအားလုံးကို လုပ်ဖို့အတွက် ငွေကြေး ဘယ်လောက်မှ မကုန်ကျပါဘူး။ ၁၀ တန်းအောင် ဖြစ်စေ၊ တက္ကသိုလ်ဘွဲ့ရဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မိမိ လေ့လာသော ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ဘူးဆိုရင်၊ အခက်အခဲတွေ တွေ့နေရင် အထက်ပါ အဆင့်များအတိုင်းသွားနိုင်ပါတယ်။

၁။ အင်္ဂလိပ်စာ အရည်အချင်း အဆင့်မြင့်ခြင်း
၂။ လမ်းတစ်ခုရွေးချယ်ခြင်း
၃။ ဇွဲရှိရှိ ကြိုးစားခြင်း
၄။ အခွင့်အလမ်းကောင်းများ ကို လက်ဆုပ်လက်ကိုင်ပြုနိုင်ခြင်း
၅။ စွန့်ဦးကြိုးစား ဖန်တီးခြင်း

အစရှိတဲ့ အဆင့်များအတိုင်း သွားမယ်ဆိုရင် ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုစေမယ့် ပညာတတ် တစ်ဦး ဖြစ်လာစေမယ်လို့ ယုံကြည်ပါတယ်။