Tuesday, February 12, 2013

အချစ်သူရဲကောင်းကြီးခွန်ဆာမ်လော နဲ့ နန်းဦးပျဉ် အချစ်ဇာတ်လမ်းဟာ တကယ်လား (ချစ်သူများနေ့အတွက် လက်ဆောင်)

ခွန်ဆမ်လော

ခွန်ဆာမ်လော နဲ့ နန်းဦးပျဉ် အချစ်ဇာတ်လမ်းကြီးဟာ လူတိုင်း ကြားဖူးနားဝ ရှိလိမ့်မယ်ထင်ပါတယ်။ ငယ်ငယ်တုန်းက လူကြီးတွေ မကြာခဏပြောဖူးတာ ကြားတယ်။ ရုပ်ပုံနဲ့ဝတ္တုစာအုပ်လေးတွေလဲ ထွက်တာတွေ့ဖူးတယ်။ ဆယ်တန်းရောက်လာတော့လည်း ၁၀ တန်းအင်္ဂလိပ်ဖတ်စာမှာ ပါတယ်။ ဒါပေမယ့် ကျနော့်တို့ ခေတ်ရောက်တော့ မသင်ရတော့ပါဘူး။ ကျနော့်ကတော့ သေချာဖတ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရှမ်းရဲ့တစ်ခု တည်းသော ကမ္ဘာ့အဆင့်မှီ အချစ်ဇာတ်လမ်းဖန်တီးမှုကြီး ၊ အနုပညာဖန်တီးမှု ဖြစ်နေလို့ပါပဲ။ ဂန္ဓဝင်စာရေးဆရာ ရှိတ်စပီးယား တို့လောက်ကို အဆင့်မှီနေလို့ဆိုရမှာပဲ။ တရုတ်ပြည်အထိ ဒီဇာတ်လမ်းက ဖော်ပြခံရဖူးတယ်လို့လဲ ကြားဖူးသည်။

ကျနော်က မိုင်းကိုင်သား အဲဒီအကြောင်းကို အရွယ်ရောက်လာတဲ့အခါမှာ စိတ်ဝင်တစား လေ့လာခဲ့တယ်။ လိဂ်;လူင် ထဲမှာလဲ အဲအကြောင်းကို ဖတ်ကြည့်ဖူးတယ်။ သူတို့ရဲ့ အချစ်ဇာတ်လမ်းကြီးက အရမ်းပဲ အားကျဖွယ်ရာလည်းကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက်အပေါ် သစ္စာတရား ထားတဲ့နေရာမှာ အသက်နဲ့လဲပြီး ချစ်သွားတယ်။ နမ့်တိန်းချောင်းမှာ ရည်းစားစကားတွေပြောတဲ့ပုံ၊  နောက်ဆုံးမှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ ရောက်ပြီး ကောင်းကင်ပေါ်မှာ ရောက်တာတောင်မှ စည်းခြားခံထားရတဲ့ဘဝလေးတွေပေါ့။

 သဏ္ဍာရီဆန်ဆန် ဂန္ဓဝင်ပုံပြင်ဆန်ဆန် တကယ့်ဖြစ်ပျက်တဲ့ဇာတ်လမ်းဆန်ဆန် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ဟာ လူသားတွေရဲ့ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်တဲ့ ကလောင်တံသွားထက်ထက်နဲ့ ရေးလိုက်တဲ့ဇာတ်လမ်းတစ်ပုဒ် လို့ ဘယ်သူမှ မထင်မိအောင် ရေးနိုင်ခဲ့တဲ့ စာရေးဆရာကို ကျနော်အရမ်းလေးစားတယ်။ အရမ်းလဲအားကျတယ်။ စာရေးဆရာက ယုတ်တိရှိရှိ ဖန်တီးရေးယူလိုက်တဲ့ ဒီအချစ်ဇာတ်လမ်းကြီးဟာ တကယ့်အဖြစ်အပျက်တွေလို့ ထင်နေကြတဲ့ လူတွေအများကြီးရှိနေပါတယ်။

ယနေ့ခေတ်လူငယ်တွေဟာ ဒီအတိုင်းထင်နေကြနေတုန်းပါပဲ။ လူငယ်တင်မကပါဘူး မိုင်းကိုင်မြိုု့ခံ လူကြီးမိဘတွေဟာလည်း  ဒီဇာတ်လမ်းဟာ တကယ်ဖြစ်ခဲ့ပါတယ် ဆိုပြီး သက်သေအထောက်အထားတွေနဲ့ ပြောပြနေတုန်းပါပဲ။

အချို့မိုင်းကိုင်လူငယ်နဲ့ အနီးနားမြို့လေးတွေကလည်း ချစ်သူများနေ့ရောက်ရင် ခွန်ဆာမ်လောနဲ့နန်းဦးပျဉ် သချင်္ိုင်းလေးမှာ သွားပြီး သူတို့လေးတွေလို သေကွဲ ကွဲမခံရအောင် ဆုတောင်းကြပါတယ်တဲ့။ ဒီဇာတ်လမ်းထဲမှာ ခွန်ဆာမ်လောကတော့ အချစ်သူရဲကောင်း ကြီးပေါ့။

 ကျနော်ကတော့ စာရေးဆရာရဲ့ စာပေအရေးအသားကျွမ်းကျင်မှုကို အားကျတယ်၊ ဂုဏ်ယူတယ်၊ လေးစားတယ်။  အခုဖြစ်နေတဲ့ပုံက ဖန်တီးရေးယူ လိုက်တဲ့ဇာတ်လမ်းကြီးကိုသာ တကယ့်အဖြစ်လို့ ယုံကြည်နေတယ်၊ ယူဆနေတယ် ဆိုရင် စာရေးဆရာရဲ့ စာပေဖန်တီးမှုကို ချီးကျူးတဲ့နေရာ ရောက်မသွားတော့ဘဲ သူ့ရဲ့အနုပညာဖန်တီးမှုဟာ အချည်းအနှီးပဲဖြစ်သွားတယ်။ လုံးဝစိတ်မကောင်းစရာပဲ။

ရှမ်းတို့ရဲ့ပင်ကိုယ်သဘောသဘာဝအရမ်းရိုးရှင်းတယ်။ ဝေ့လည်ကြောင်ပတ် တွေးတောချင်တဲ့စိတ်မရှိဘူး။ ဟုတ်၏ မဟုတ်၏ ဘယ်သောအခါမှ မဝေဖန်မသုံးသပ်ချင်ဘူး။ ဝါဝါမြင်တိုင်း ရွှေလို့ထင်နေတယ်။ ဖြူဖြူမြင်တိုင်း နွားနို့လို့ထင်နေတယ်။

ဒီဇာတ်လမ်း (လိဂ်;လူင်) ကိုဖတ်တဲ့အချိန်မှာ ရှမ်းစာပေပညာရှင်ကြီးထဲက rဝဝ်;ဂ၊င်းသိူဝ် နဲ့ ခေ၊င်းခမ်းဂူ, တို့ရဲ့ အိုက်ဒီယာ ကြီးဖြစ်နေတယ်။ ထင်ထင်ရှားရှားရေးထားတာကတော့ နန်းခမ်းကူ ပေါ့ဗျာ။

++++ စာရေးဆရာနှင့်ပထဝီနယ်မြေနှံ့စပ်မှု +++++

ဒီဇာတ်လမ်းတစ်ခုကို ရေးမယ်ဆိုကတည်း စာရေးဆရာဟာ သူ့ရဲ့ဇာတ်ကွက်ထဲ ရောက်လာအောင် သက်သေအထောက်အထားတွေနဲ့တကွ  စနစ်တကျ သုတေသနပြုပြီးဖန်တီးရေးသားခဲ့ပုံပေါ်တယ်။

နန်းဦးပျဉ် ရဲ့ အိမ်နေရာ၊ သင်္ချိုင်း၊ မုံညှင်းခြံ၊ ရေတွင်း၊ နမ့်တိန်း ၊ ခွန်ဆာမ်လောရဲ့ နွားအုပ်ကျောက် စတာတွေကို ရေရှည်အမြဲပေါ်လွင်ထင်ရှား နိုင်တဲ့ သက်သေတွေနဲ့ ဖန်တီးမှု လုပ်ခဲ့တယ်။ စာရေးဆရာဟာ စာဖတ်သူတွေကို စိတ်ပါဝင်စားလာအောင် သူရဲ့စာပေတင်စားရေးသားမှုက သက်သေ ပြနေပါတယ်။ သူဟာ ပတ်ဝန်းကျင်ကိုလည်း အရမ်းပဲ တင်စားရေးသားတတ်တယ်။

နန်းဦးပျဉ် အလှကို နန်းဦးပျဉ် မနက်စျေးဝယ်ထွက်လျင် သူမရဲ့ဘယ်ခြေလှမ်းလေးလှမ်းလိုက်လျှင် ဘယ်စျေးတန်းက ယိမ်းယိုင်သွားတယ်။ ညှာခြေလေးလှမ်းလိုက်လျှင် ညှာစျေးတန်းလေး ယိမ်းသွားတယ်တဲ့။ နောက်ပြီး စာရေးဆရာဟာ အသည်ကွဲတဲ့ သူတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်သည်။  နန်းဦးပျဉ်ကိုသူ့ဇာတ်ကောင်ထဲမှာ အမုန်းတရားပါတဲ့ မိုင်းကိုင်သူတွေကို ကျိန်စာတိုက်ထားတဲ့ပုံစံပေါ့။ သူ့လို မလှပါစေနဲ့ သူ့လိုလှလျှင် သူ့လို ဒုက္ခရောက်ရမှာစိုးလို့တဲ့။

ခွန်ဆမ်လော နဲ့ နန်းဦးပျဉ် သင်္ချိုင်းဟာအခု လျှိုကြီးယှဉ်တွဲပြီး အတွင်းမှာ ထင်းရှုးပင်များ ပေါက်နေသည်ကို တွေ့မြင်ရပါမည်။

နန်းဦးပျဉ်ရဲ့ အိမ်နေရာနဲ့ သင်္ချိုင်း သိပ်မနီးမဝေးမှာရှိနေတယ်။ ကျနော် မြေပုံစံကိုကြည့်လိုက်တယ်။ သဲအမျိုးစားထဲမှာ ပါဝင်တဲ့မြေဆိုတာ သိရတယ်။ သဘာဝအရ သဲမြေဆိုတာ ရေတိုက်စားလွယ်တယ်။ ဒါကြောင့် သင်္ချိုင်းနဲ့အိမ်နေရာလေးတွေမှာ ဘယ်လောက်ကြာရင်တော့ ရေတိုက်စားမှုကြောင့် မြေတွေ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာ စာရေးဆရာက ကြိုသိနေသလို ဖြစ်နေတယ်။ ဒါကသူဟာ ပထဝီအနေအထားကို အကဲခတ်တော်သူဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်ပြောင်းလဲနိုင်မှုကို ကြိုတင်ခန့်မှန်းနိုင်တယ်။ ဒီခေတ်စကားနဲ့ပြောရင်တော့ ပထဝီဘာသာရပ်ပညာရှင်ပေါ့ဗျာ။

နန်းဦးပျဉ်ရဲ့ မုံညင်းခြံ လေးဟာလည်း နှစ်ကာလကြာရှည်စွာ ရပ်တည်ပေးနိုင်တဲ့ သက်သေတစ်ခုဖြစ်တယ်။ သူကတော့ ထူးခြားစွာ ကွင်းပြင်လေးတွေမှာ အစုလိုက်အပြုံလိုက် ပေါက်နေတဲ့ အပင်တစ်မျိုးပဲ။ နှစ်ဘယ်လောက်ကြာကြာ ပြန့်ကျဲထွက်လာတဲ့ အပင်မျိုးမဟုတ်ဘူး။ သူ့အမှာ အသီးလေးရှိပါတယ်။ ဒီအပင်က မိုင်းကိုင်မှာမကပဲ လဲချားမှ နမ်းဟူးဖရားထမ် (ဝမ်ပန်) ကိုသွားတဲ့ဖက်မှာလဲ ကိုယ်တိုင်မြင်ခဲ့တယ်။ ဒီလို တွေးကြည့်ရင် ခွန်ဆာမ်လောက နန်းဦးပျဉ်ကို လာရောက်တောင်းရမ်းပြီး ကျိုင်းတောင်းအပြန်မှာ မျိုးစေ့ပြုတ်ကျစေခဲ့သည့်ပုံစံ ဖြစ်သည့်သယောင်ယောင် စာရေးဆရာက ကွင်ဆင်ထားသလားထင်ရတယ်။  ဒီအပင်ကို ဘော်ဒနီဘာသာရပ် အထူးလေ့လာလိုက်စားတဲ့ သူကို ခေါ်သွားပြီး သုတေသန ပြုလိုက်ရင်တော့ သူဟာ ဘယ်အပင်အမျိုးစားထဲမှာပါနေသလဲဆိုတာ သေချာသိမှာပါ။

++++ စာရေးဆရာနဲ့ အတိတ္တယဝုတ္တိအလင်္ကာ++++

နောက်ပြီး ခွန်းဆမ်လော နဲ့ နန်းဦးပျဉ် နမ့်တိန်း နားဘေး ရည်းစားစကားပြောနေချိန်မှာ ရေစီးကျသံတွေ ဆူညံနေလို့ ဘာမှမကြားရဘူး သူတို့က " နမ့်တိန်းရယ် ဒီမှာ ချစ်ရေးဆိုစကားပြောနေတယ် ဘာမှမကြားရဘူး ခဏရပ်ပေးပါ " ဆိုပြီး နမ့်တိန်း ကအခုအချိန် အထိ အသံတိတ်သွားတယ်တဲ့။ သို့ပေမယ့်လည်း ယခုအချိန်အထိ မိုးရွာရေကြီးရင်တော့ အသံကြားနေရတုန်းပါပဲလို့ မိုင်းကိုင်နယ်ခံအချို့က လက်ခံနေတုန်းပါပဲ။ ထူးဆန်းသည်မှာ မိုးရွာရေကြီးလျင် ဘယ်နေရာမဆို ရေတံခွန်၊ ရေချာင်းရေမြောင်းတို့ရဲ့ အထက်ပိုင်းဟာ အသံတစ်မျိုးထွက်လာတာ မဆန်းပေ။ ဒါကတော့ စာရေးဆရာက သဘာဝပတ်ဝန်းကျင်ကို တင်စားပြီး သူတို့နှစ်ယောက်အပေါ် စာနာနားလည်မှုတွေ ချက်ခြင်းပေါ်လာစေတဲ့ တင်စားရေးသားမှုဆိုတာ သိမြင်နိုင်ပါတယ်။ ရေစီးကျသံ ဆိုတာ သဘာဝကျကျ တွေးကြည့်ပါ။ အမြင့်မှ အနှိမ့်ကို စီးဆင်းသောချောင်းသည် အသံမြည်ပါတယ်။ ဥပမာ ရေတံခွန်လိုမျိုးပေါ့။ အခု မိုင်းကိုင်မြို့ကို ဝိုင်းပတ်နေတဲ့ နမ့်တိန်းဟာ မြေပြန့်ပေါ်မှာ စီးနေတဲ့ ချောင်းတစ်ချောင်းတာဖြစ်နေသည်ကို မြင်နေရတယ်။ ဘယ်လို အသံတွေ မြည်နေမှာလဲ။ လက်တွေ့မှာ ယုတ္တိရှိပါ့မလား။

" ပေႃႈဢိူၺ်း ပေႃႈဢိူၺ်း" လို့ နှီးစပ်စွာ အသံထွက်လာအောင် အော်နိုင်သော (ငှက်တစ်မျိုး)  ၼူၵ်ႉတွင်ႉလေႃး ကိုပင် ဇာတ်ကောင်တစ်ကောင် အဖြစ် ဆွဲယူရေးသားနိုင်ခဲ့တယ်။ ဒီဇာတ်ကောင်ကို ဆွဲထည့်နိုင်ခြင်းသည် စာဖတ်သူတွေကို သနားကြင်နာစိတ်တွေ ပေါ်လာအောင် ဆွဲဆောင်နေတာပါပဲ။

အဖြစ်မှန်ကို သုံးသပ်ကြည့်ရအောင်။ နန်းဦးပျဉ်ဟာ ခွန်ဆာမ်လော ခရီးထွက်စျေးကွက်ချဲ့နေချိန်မှာ ယောက္ခမ နဲ့အဆင်မပြေလို့ ကျိုင်းတောင်သူ နန်းဦးပင်း (ၼၢင်းဢူးပႅမ်း) နဲ့သဘောတူခဲ့လို့ အငြိုးကြီးစွာနဲ့ အမျိုးမျိုးဖိနှိပ်ငြင်းဆဲပြီး မောင်းထုတ်လိုက်တယ်။

အိမ်အပြန်လမ်းမှာ ခွန်ဆာမ်လောရဲ့သားလေးမွေးပါတယ်။ မွေးပြီး ခလေးပြုတ်ကျတာမို့လို့ အသက်မရှင်ဘဲ ၼူၵ်ႉတွင်ႉလေႃး ဖြစ်သွားတယ်။ အကြောင်းကတော့ ပိုက်ကြီးနေပေမယ့် အလုပ်တွေလုပ်ခိုင်းပြီး လှေကားမှာ ပြုတ်ကျလို့ပါပဲတဲ့။ အဲမှာ နန်းဦးပျဉ်က မှာလိုက်တယ်သူ့သားလေးကို " မင်းအဖေကို လိုက်ရှာပါတဲ့ " ဒါကြောင့်အဲငှက်လေးက" ပေႃႈဢိူၺ်ႊ ပေႃႈဢိူၺ်ႊ" လို့အော်နေတယ်တဲ့။

နှစ်ရက်သုံးရက်ကြတော့ ခွန်ဆာမ်လော အိမ်ပြန်ရောက်တယ် သူ့မိန်းမ အိမ်ပြန်သွားတယ်။ ကြားတော့ ချက်ခြင်းပဲ မိန်းမအိမ်ကို လိုက်သွားတယ်။ လမ်းခုတ်လတ်လောက်မှာ ငှက်လေးတစ်ကောင်က " ပေႃႈဢိူၺ်ႊ ပေႃႈဢိူၺ်ႊ" လို့ခေါ်သံကိုကြားတယ်တဲ့။

၁ ပတ်တောင်မကြာသေးဘဲနဲ့ ငှက်က ချက်ခြင်းပဲ ကြီးလာတယ်။ အဲလိုအသံထွက်အောင်အော်နေနိုင်တယ်။ ငှက်ရဲ့ကြီးထွားမှု မြန်နှုန်းက တော်တော် လေးအံ့ဩစရာကောင်းနေတယ်။ ဘာဖြစ်လို့လဲဆိုရင် ခွန်ဆာမ်လောတောင်မှ သူ့မိန်းမ ရဲ့ အလောင်းဘေးနားမှာ ငိုယိုပြီး သူဘယ်လောက်ချစ်ကြောင်းကို သူ့ကိုယ်သူသတ်ပြီး အတူသေခဲ့တယ်လေ။ ဒါဆိုရင် ကြာချိန်ဟာ ၁ ပတ်ထက်တော့ မကြာနိုင်ပါဘူး။ ဒါပေမယ့် ငှက်ကတော့ တော်တော်လေး ကြီးထွားမှု မြန်နေတယ်။ နတ်ငှက်များ ဖြစ်နေမလားမသိဘူး (ဟီး)။

ခွန်ဆာမ်လော နဲ့ နန်းဦးပျဉ် ကအချစ်အတွက် သေပွဲဝင်ခဲ့ကြတယ်။ ဒါတောင်မှ ကောင်းကင်ပေါ်မှာ လဆုတ်လကွယ်မှာ စိတ်ယုတ်အဖွားကြီးခြားလိုက်တဲ့ ၵၢၼ်သၢမ်တႃ ရဲ့တစ်ဖက်တစ်ချက်မှာနေပြီး ပန်းခိုင်လေးတွေ ဟိုဘက်ဒီဘက်ကမ်းကြတယ်တဲ့။

ဒါကိုကြည့်ခြင်းအားဖြင့် စာရေးသူဟာ သဘာဝပထဝီဝင်ဇာတ်လမ်းမြေနေရာအနေအထား နဲ့ရင်းနှီးယုံတင်မကပဲနက္ခတ္တာရာပညာမှာလည်းတစ်ဖက်ကမ်းကျွမ်းကျင်တဲ့ပုံဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာနဲ့ချီပြီး တည်ရှိနေတဲ့ ဥက္ကာခဲ ဥက္ကာပျံတွေဖြစ်တဲ့ ကြယ်လေးတွေကိုကြည့်ပြီး သက်သေတစ်ခုအဖြစ် ဇာတ်ထုတ်ထဲရေးထည့်ရေးနိုင်လို့ပါပဲ။

နောက်ပိုင်းမှာ သီချင်းတွေထဲမှာ သူတို့ရဲ့အကြောင်းလေး တစ်ပိုင်းတစ်စထည့်ရေးတာ မကြာခဏမြင်ဖူးပါလိမ့်မည်။
ယခုသိပ္ပံအတွေးနဲ့ ခွန်ဆာမ်လော နဲ့ နန်းဦးပျဉ် သေပွဲဝင်လို့ ဒီကြယ်ပေါ်လာတယ်ပြောရင် ရယ်စရာကြီး ဖြစ်မနေဘူးလား။

တလောတုန်းက ကျိုင်းတောင်းမှ သူငယ်ချင်းများ ခွန်ဆာမ်လောရဲ့  ဘာ ၉၉၉ နှစ်ပတ်လည် လည်းတော့မသိ။ ၉၉၉ နှစ်ပတ်လည်ဆိုတာ ရှမ်းနှစ်တွေကိုပြောတာလား။ ဘယ်ရှမ်းဘုရင် အုပ်ချုပ်စင်ကာလာလဲ။ ဖြစ်နိုင်ခြေကို တွက်ကြည့်မယ်။ သမိုင်းနှင့် နှိုင်းယှဉ်ပြီး လေ့လာကြည့်မယ် ဆိုရင် တကယ်လို့ ဘယ်ဘုရင်၏ မှတ်တမ်းမှတ်ရာမှာ မပါရင် အချစ်ဇာတ်လမ်း ဖန်တီးမှုကြီးဖြစ်သည့် ဂန္ဓဝင်ဝတ္ထုလို့သာ မှတ်လိုက်ပါတော့လား။

အမှန်စင်စစ် ရှမ်းတို့သည်မှာ ကမ္ဘာ့အဆင့်မှီ ဂန္ဓဝင်အချစ်ဇာတ်လမ်းကြီးဖန်မှု စာပေပညာရှင်ရှိနေသည်။ စာပေအရေးအသားကို ဂုဏ်ယူရမည် ကိုမသိဘဲ အဖြစ်ပျက်တစ်ခုအဖြစ် ယုံကြည်နေသည်ကို လုံးဝစိတ်မကောင်းပါ။ စာပေပညာရှင်ရဲ့ အနုပညာစာပေ ဖန်တီးမှုက အချည်းအနှီးဖြစ်သွားရသည်။ သို့ပေမယ့်လည်း ကျနော်နဲ့ထပ်တူ စာရေးဆရာကို ဂုဏ်ယူတဲ့လူများ များများ ပေါ်ထွက်လာပါစေလို့ ဆုတောင်းရင်း.......

ကျနော်စုထားတဲ့ ဓါတ်ပုံလေးအချို့ကြည့်ပါနော်။


နန်းဦးပျဉ် မြေကွက်လပ်

အသစ်တည်ဆောက်ထားသော နန်းတော်

ခွန်ဆာမ်လော နှင့် နန်းဦးပျဉ် သင်္ချိုင်း

နန်းဦးပျဉ်မုံညှင်းစေ့ (မျိုးစေ့)

ၵၢၼ်းသမ်တႃ

မြေပြန့်ပေါ်တွင် စီးဆင်းနေသော နမ့်တိန်းချောင်းနှင့် ရေသလက်

နန်းဦးပျဉ် မုံညှင်းခြမြင်ကွင်း