ဘန်ကောက်မြို့ရဲ့ အမြင့်ဆုံးတာဝါ
ဘယုတ်တာဝါ “ BaiYoke Tower” မှာတည်းပြီး ၈၂ ထပ်အမြင့်မှာ ဘူဖေးညစာစားပြီး ဘန်ကောက်မြို့
Never sleep city လို့ခေါ်ဝေါ်ခံဖူးတဲ့ မြို့ရဲ့ အလှကို ငေးမောခဲ့ရတယ်။ ကမ္ဘာပတ်ပြီး
အရက်သောက်မယ် ဆိုတဲ့ကျနော့်ရဲ့ ငယ်ငယ်တုန်းက အတွေးတွေ တကယ်ဖြစ်ခဲ့တာလား ဆိုပြီးပြုံးလို့ Black Russian လေးတစ်ခွက် မော့လိုက်ပါတယ်။ သူငယ်ချင်းတွေကလည်း အတန်းဖော်သူငယ်ချင်း
အပျိုကြီးတွေဆိုတော့ သတိလေးနဲ့ ရွှေစိတ်တော် မညိုးရလေအောင် သတိထားပြီး နှောက်ပြောင်ရသေးတယ်။
ဒါပေမယ့် အရမ်းပျော်စရာကောင်းခဲ့ တယ်။ ညစာမစားခင်လေးမှာ အမြင့်ဆုံးအထပ်မျှော်စင်ပေါ်မှာ
ဓာတ်ပုံတွေရိုက်တယ်။ ကျနော်က ရိုက်ပေးပါတယ်။ ကျနော့်ကို ပြန်ရိုက်ပေးမယ့်အလည့်လည်းရောက်ရော
ကင်မရာမှာ အော်တိုဖိုးကတ်စ် နဲ့တောင်မှ ဓာတ်ပုံက ဝါးနေအောင်ရိုက်ပေးလိုက်ပါတယ်။ အော်ပြောတော့ဖြင့်
ဘုရားဘုရားနဲ့ ဘုရားသမားသူတော်စင်ပျိုမယ်တွေပေါ့။ လက်လေးကိုတောင် ငြိမ်အောင် မထိန်းနိုင်ဘဲ
ဘယ်လိုလုပ်ပြီးစိတ်ကို ငြိမ်အောင်ထိန်းနိုင်မလဲလို့ စနောက်ခဲ့သေးတယ်။
စားသောက်ပြီးလို့ အိပ်တန်းပြန်တဲ့အချိန်
ညနေဈေးတန်းမှာ လမ်းလျှောက်ထွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ ရောင်းချမှုပုံစံတစ်ခုနဲ့
ဈေးဝယ်ယူမ၍ပုံစံတစ်ခုကို သတိထားမိခဲ့တယ်။ မိုးဖွဲဖွဲလေးရွာနေတဲ့အချိန်မှာ ညနေဈေးတန်းလည်းသိပ်မစည်ကားတော့သလိုပဲ
စောနေသေးလို့လားတော့မသိ။ မိုးဖွဲအထဲမှာ လူတွေဝိုင်းအုံပြီးဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာ
စူးစမ်းတဲ့လူရော ဈေးဝယ်တဲ့လူရော စည်ကားနေတော့တာပါပဲ။ ဈေးရောင်းတဲ့ကောင်လေးဟာ တက္ကသိုလ်ကျောင်းသား
ဖြစ်ဟန်တူပြီး သူ့ရဲ့ လိပ်ခုံးကားလေးရဲ့အပေါ်မှာ စာတမ်းလေးကတော့ “Bags Basic” ဆိုပြီး
ဒီဇိုင်းမပြီးတပြီးသားရေအိတ်တွေကို ရောင်းချနေတာပါပဲ။ အသင့်ချုပ်ပြီး အိတ်ကိုရောင်းချခြင်းဆိုတဲ့
ပုံစံကနေ ခွဲထွက်ပြီး တထိုင်းတည်းနဲ့ ဝယ်ယူသူစိတ်ကြိုက် အရောင်နဲ့အသားရေအမျိုးအစားကို
ရွေးယူစေပြီး ဝယ်ယူသူသဘောကျပုံစံနဲ့ နာမည်စာလုံးတွေကို လည်းထိုးပေးပြီး အလှဆင်မှုခြယ်သရောင်းချခြင်းမျိုးပါ။
ဝယ်ယူသူတွေကလည်း သူတို့စိတ်ကြိုက်ပုံစံပြုလုပ်ပေးနေတာတွေကို
ဖန်တီးသူနဲ့ထပ်တူစီးမျော ခံစားရင်းဟာ စောင့်ဆိုင်းနေရလို့ စိတ်ပျက်တဲ့သဘောမဆောင်တော့ဘဲ
အနုပညာတစ်ခုရဲ့ တင်ဆက်မှုအနေနဲ့ ပွဲကြည့်ပရိတ်သတ် အသွင်ပေါ်နေပါတော့တယ်။
ရောင်းသူကလည်း ကုန်ပစ္စည်းရောင်းချနေရသလို
အသွင်မပေါ်ပဲ သူဝါသနာပါရာအလုပ်ကို စိတ်လွတ်ကိုယ်လပ်သလို ဖော်ဆောင်ခွင့်ရခြင်းမှာ မွေ့ပျော်နေတဲ့အသွင်ပေါ်နေပါတယ်။
No comments:
Post a Comment